စစ်တက္ကသိုလ်
စာပေဌာန(၂) ဘာသာစကားသင်တန်းအမှတ်စဉ်(_) ၏ မနက်ခင်းတခု ဖြစ်သည်...။
တန်းစီသစ္စာဆိုအပြီး ကန်တင်းဘက်ကိုဆင်းလာရင်း မနက်တိုင်းဖတ်နေကျ
မြန်မာ့အလင်း သတင်းစာကို ဆွဲယူဖတ်လိုက်မိသည်.. ။ "ဟင်.." ။
အာမေဋိတ်သံတစ်ခု ထွက်သွားမိတဲ့အထိ ကျွန်တော်အံ့သြမှင်သက်သွား..။
အာခေါင်တွေလဲခြောက်လို့ ရင်ဘတ်တခုလုံး နာကျင်သွားစေသည့် သတင်းတခုပါ ။
"မဟုတ်ပါစေနဲ့လို့" အကြိမ်ကြိမ်ဆုတောင်းနေမိရင်း ဖုန်းဆိုင်ရှိရာဆီသို့
ခြေထောက်တို့က အပြေးအလွှား ဦးတည်၍သွားနေခဲ့သည်ကို ကိုယ့်ကိုယ်ကိုပင် လျှင်
သတိမထားမိခဲ့ပါ ..။ ရင်တခုလုံးကို နာသွားအောင် အရာတခုခုဖြင့်
ထုနှက်ထားသကဲ့သို့ပင်.. ။ အသက်ရှူတွေပင် သိပ်မ၀ချင်ပါ။
ဖုန်းဆိုင်ရောက်သည်နှင့် လင်းလင်းတို့အိမ်ဖုန်းကို အငမ်းမရနှိပ်လိုက်မိသည်။
ဖုန်းလာကိုင်သည့် ဗိုလ်ကြီး လင်းလင်းစိုး၏ မိခင်ဖြစ်သူ (အန်တီ)၏ အသံမှာ
ထင်မှတ်ထားသကဲ့သို့မဟုတ်ဘဲ တည်ငြိမ်အေးစက်၍ နေသည်.။ "အန်တီ.. သားပါ
မောင်.... ပါအန်တီ.." လို့ပြောလိုက်တော့ အန်တီက "အေးသားလေး ..ပြောလေ"
ဆိုပြီး ဖြေလိုက်သည့်အသံမှာ တခုခုကိုမေးတော့မည် ဆိုသည်ကို ကြိုတင်သိနေသော
အငွေ့အသက်တွေ ပါဝင်နေခဲ့သည်။ "မဟုတ်ပါစေနဲ့ မဟုတ်ပါစေနဲ့" လို့ အကြိမ်ကြိမ်
တီးတိုးဆုတောင်းရင်း အရဲစွန့်မေးလိုက်သည်။ "သတင်းစာထဲမှာပါလာတဲ့
ဗိုလ်ကြီးလင်းလင်းစိုး ရုတ်တရက် ကွယ်လွန်ခြင်းသတင်း က" လို့ ကျွန်တော်က
မေးလိုက်သည့် မေးခွန်းလေး မဆုံးခင်မှာပင် အန်တီကတန်း၍ ဖြေရှာပါသည်
"ဟုတ်တယ်သားလေး မင်းသူငယ်ချင်း လင်းလင်း တိုက်ပွဲကျသွားပြီသားရယ်
ဆွဲမိုင်းထိတယ်လို့ ခမရ ၃၆၉ တပ်က အကြောင်းကြားလာတယ်.. အလောင်းတော့
ပြန်မရပါဘူးသား အရိုးအိုးပဲ ရလိုက်ပါတယ်" လို့ ပြောအပြီး
အန်တီ့ရဲ့စကားသံတွေက သိမ်ဝင်သွားခဲ့သည်။ အန်တီတယောက် တဦးတည်းသော သားအတွက်
မည်မျှနာကျင်အောင့်သက်နေမည်မှန်း ကျွန်တော် နားလည်ခံစားပေး၍ရပါသည်။
ခင်ပွန်းသည် ယောက်ျားမရှိတော့သည့်နောက်ပိုင်း သားတယောက်တည်းနှင့်
နှစ်ပေါင်းများစွာ ဘ၀ကို အထီးကျန်စွာ အားတင်း ဖြတ်သန်းကျော်လွှားခဲ့ရသည့်
အိမ်ထောင်ရှင်မိန်းမတယောက်၏ သတ္တိကို ကျွန်တော် မလေးစာဘဲ မနေနိုင်ပါ။
"မျှော်လင့်ချက်က မေမေ့သား၊ မေမေ့သားက မျှော်လင့်ချက်ပါ" လို့
ဖုန်းဆက်တိုင်း သူငယ်ချင်းလင်းလင်း ကို ဆုံးမတတ်သည့်
အန်တီ့ရဲ့မေတ္တာစကားသံများသည် သားအရင်းမဟုတ်သည့် ကျွန်တော့်ရဲ့ရင်ထဲအထိ
နွေးထွေးစေခဲ့ဖူးသည်။ "သား" လို့ ဖုန်းထဲကခေါ်လိုက်သော ဒေါ်ဘရဏီလင်း ၏
တည်ငြိမ်အေးချမ်းနေသော အသံသည် ကျွန်တော့်ရဲ့ မတည်ငြိမ်မှုတွေကို အတန်ငယ်
ထိန်းကွပ်ပေးခဲ့သည်။ ကျွန်တော့်ရဲ့တွေးလက်စ အတွေးတွေ ရုတ်တရက်ရပ်သွားပြီး
"ဟုတ်ကဲ့ပါ အန်တီ" လို့ ထူးလိုက်မိသည်။ ထိုအချိန်တွင်
ဖြေစရာစကားထို့ထက်ပိုမရှိသလို ပြောစရာစကားတွေကလဲ ဆွံ့အတိတ်ဆိတ်၍ နေပါသည်..။
"သားသူငယ်ချင်း အစ်ကိုအတွက် စိတ်မကောင်းဖြစ်နေတာ အန်တီနားလည်ပါတယ်
ဒီအပတ်အိမ်မှာရက်လည်လုပ်မယ် သားလာနိုင်မယ်ဆိုရင်တော့ အန်တီ သားကို စကားတွေ
ပြောချင်သေးတယ်" လို့ ရှိုက်သံအနည်းငယ်သာ စွတ်ဖက်ထားသော အသံတိုးလေးနှင့်
အန်တီကပြောခဲ့သောအခါ တိုင်းပြည်အာဇာနည် သူငယ်ချင်းလင်းလင်း၏ ကျဆုံးမှု
ရက်လည်ကို ချီးကျူးဂုဏ်ပြုအလေးပြုနိုင်ဖို့ ရုံးပိတ်ရက်တွင်
အရောက်သွားနိုင်ရန် ကြိုးစားခဲ့ပါသည်။ အိမ်ကိုရောက်သောအခါတွင်လည်း
ထင်ရက်စရာမရှိနိုင်အောင် တည်ငြိမ်နေသည့် သားကိုသိပ်ချစ်သော၊ သားအတွက်ဆို
အမြဲအဆင်သင့်ရှိသော အန်တီ၏ သားတစ်ယောက်လုံး ဆုံးရှုံးသွားမှုအပေါ် အဆမတန်
တည်ငြိမ်နေမှုကို မေးခွန်းထုတ်ဖို့လဲ အကြိမ်ကြိမ် စဉ်းစားနေမိပါတော့သည်..။
လွန်ခဲ့သည့်
(၉) နှစ်ခန့်ကာလတခု၌ အရှေ့တောင်အာရှ၏ တခုတည်းသော စစ်ကျောင်းကြီးလည်းဖြစ်
အများမှ (D.S.A) ဟုအလွယ်ခေါ်ဝေါ်သမုတ်ကြသည့် ( Defence Services Academy)
(စစ်တက္ကသိုလ်)၏ မနက်ခင်းတခုမှာဖြစ်ပါသည်။ " ဘယ်ညာ ဘယ်ညာ ဘယ်ညာ ဘယ်" "
ဆောင်ပုဒ်ဆို" ကျားထိုးသံတွေဆူညံစွာနှင့် ပန်းလှေကားမြို့တော်
ပြင်ဦးလွင်၏ အအေးဒဏ်များအား အန်တုလို့ မနက်ခင်းအလှကို ချွေးများစွာဖြင့်
အလှဆင်နေသော "နောင်တခေတ်၏အောင်စစ်သည်" ဗိုလ်လောင်းများ၏
မနက်ကိုယ်လက်ကြံ့ခိုင်ရေး သင်ခန်းစာ စတင်အသက်ဝင်နေခဲ့ပြီ ဖြစ်သည်။
ထိုကာလများသည် အမှတ်စဉ်တခုတည်းတွင် PTအတူတူပြေး၊ စီနီယာ၏အပြစ်ပေးမှုကို
အတူတူပခုံးဖက်ခုန်၊ ပခုံးဖက်ဂျွမ်းထိုးရင်း ဘ၀တူဖြတ်သန်းခဲ့ကြသည့်
အချိန်များပင် ဖြစ်သည် ။ ဆယ်ကျော်သက်ဘ၀များ ဖြစ်သောကြောင့် ပင်ပန်းမှု
ဒဏ်ခံနိုင်သူ၊ ခံယူချက်ပြင်းထန်သူများမှ အရာရှိဆိုသည့်
ပန်းတိုင်ကိုအရောက်လှမ်းဆွတ်ခူး နိုင်မှာဖြစ်ပြီး စိတ်ဓါတ်ပျော့ညံ့သူ၊
ကျန်းမာရေးချို့ယွင်းသူများမှာမူ ပန်းတိုင်မရောက်ခင်ပင် နောက်လှည့်အိမ်ပြန်
ကြရမည်သာ ဖြစ်ပါသည်။ ကျွန်တော်ကလဲ ကာယအရာမှာ ထိပ်တန်းပြေးသူ တစ်ယောက်
မဟုတ်လေတော့ ဗိုလ်လောင်းဘ၀ လက်ရုံးရည်လေ့ကျင့်မှုများ၏ ပြင်းထန်မှုကို
ခိုင်မာသည့် စိတ်ဓါတ်အားနှင့် နှလုံးရည်အား တို့ဖြင့် ခက်ခဲစွာ
ဖြတ်သန်းခဲ့ရဖူးပါသည်။ ထိုသို့ ဖြတ်သန်းစဉ် အားပေးလက်တွဲ ခေါ်ယူခဲ့သည့်
လင်းလင်းဆိုသည့် သူငယ်ချင်းအစ်ကို တယောက်၏ အခန်းကဏ္ဍသည် ကျွန်တော့်ဘဝ
အရာရှိတယောက်အဖြစ် ဖြစ်တည်ရေးတွင် အရေးပါခဲ့သော တကယ့်အစိတ်အပိုင်းတစ်ခုပင်
ဖြစ်သည်။ သူငယ်ချင်းလဲဖြစ် အစ်ကိုတယောက်လိုလဲ တကယ်ချစ်ရသည့် လင်းလင်းသည်
ကျွန်တော့်ထက်အသက်အနည်းငယ်ပင် ပိုကြီးသေးသည်။ PTပြေးချိန်
သူများထက်နောက်မကျစေရန် ခြေထောက်နှင့်မပြေးဘဲ စိတ်ဓါတ်နှင့််ပြေးသင့်ပုံ၊
အပြစ်ပေးခံရချိန် စိတ်အားငယ်လာလျှင် အရှုံးမပေးတတ်သော သတ္တိနှင့်ခံယူသင့်ပုံ၊
တယောက်စာနေထိုင်ချိန် ခုတင်နှင့်ကစ်အခင်းအကျင်းများကို
စည်းကမ်းစိတ်ဓါတ်နှင့် ထားရှိသင့်ပုံ များအား
လက်တွဲခေါ်ယူသင်ကြားပေးတတ်သေးသည်။ အမှတ်စဉ်တခုတည်း ဖြစ်သော်လည်း
သူ၏တည်ငြိမ်ရင့်ကျက်မှုနှင့် ဘ၀အခင်းအကျင်းသည် စိတ်ဝင်စားစရာ
အင်မတန်ကောင်းလှပါသည်။ ထိုအရာများကို ဆယ်ကျော်သက်ဘ၀၌ပင် ပိုင်ဆိုင်ထားသည့်
လင်းလင်းဆိုသည့် ဗိုလ်လောင်းတယောက်အား ပံ့ပိုးပေးသည့်အရာကို
ကျွန်တော်အလေးအနက်ထား စိတ်ဝင်စားလို့ နေမိသည်မှာ အထူးအဆန်းတော့မဟုတ်ပါချေ။
တကယ်တော့ ဖတဆိုးသားတယောက်ဖြစ်သည့် လင်းလင်း၏ခံယူချက်၊
လင်းလင်း၏စိတ်ဓါတ်နှင့် လင်းလင်း၏ စည်းကမ်းတို့သည် ဒေါ်ဘရဏီလင်း ဆိုသည့်
လင်းလင်း၏မိခင် အန်တီ၏ ခံယူချက်၊ စိတ်ဓါတ်နှင့် စည်းကမ်းများ ဖြစ်သည်ကို
နောက်များမှ သိခဲ့ရတာဖြစ်ပါသည်..။ "သားကို မေမေသိပ်ယုံတယ်၊
မေမေ့ကိုသားသိပ်ချစ်မှန်း မေမေသိလို့ သားဖြစ်ချင်တာဆို မေမေက
တားမြစ်ထားတာမျိုး ဘယ်တော့မှမလုပ်ခဲ့ဘူး ဘယ်တော့မှလဲ လုပ်မှာမဟုတ်ဘူး မေမေက
သားရဲ့ မိခင်တစ်ယောက်လဲ ဖြစ်သလို သားရင်ထဲက တီးတိုးခံစားချက်အပါအ၀င်
ခံစားချက်မျိုးစုံကို ဖွင့်ဟတိုင်ပင်လို့ရအောင် နားလည်ပေးနိုင်တဲ့
မိတ်ဆွေသူငယ်ချင်းတယောက်လဲ ဖြစ်တယ်ဆိုတာ သားမမေ့နဲ့နော်" ဟု လင်းလင်းတယောက်
အန်တီ့ထံ ဖုန်းဆက်ချိန်တိုင်း အားပေးစကားများကို အန်တီကထိုကဲ့သို့
ပြောတတ်ပါသေးသည်။ လင်းလင်း၌ အားလုံးထက်သာသည့် တချက်မှာ ဘယ်အရာကိုပဲလုပ်လုပ်
ကိုယ့်ကိုယ်ကို ယုံကြည်ချက်ပြင်းပြင်းထန်ထန်နှင့် ကိုယ်ကျိုးစွန့်
လုပ်ကိုင်တတ်သော ၀ံသာနုစိတ်ဓါတ်လေးဖြစ်သည် ။ ဒီလိုတွေဖြစ်လာစေရန် သူ့အမေမှ
ဘယ်လိုဘယ်ပုံ သင်ကြားပေးခဲ့ ဆုံးမပေးခဲ့သည်များကို ကျွန်တော့်အား
အမြဲပြောပြပေးခြင်းဖြင့် ကျွန်တော်၏ စိတ်ဓါတ်များ သူ့ကဲ့သို့ ရဲရင့်မာကျော၊
ပြတ်သားတိကျ၊ ဇောက်ချဇွဲရှိ ဖြစ်လာစေရန် လမ်းပြပေးခဲ့သည်ဟုဆိုလျှင်
မမှားနိုင်ပါချေ။ သားကိုမေတ္တာနှင့်အုပ်ချုပ်တတ်ပြီး တယောက်တည်းရှိသော
သားတယောက်ကို အရာရှိကောင်းတယောက် အသက်စွန့်အာဇာနည်ကောင်း တယောက်
ဖြစ်လာစေရန် မွမ်းမံပြုစုပေးခဲ့သည့် အန်တီဒေါ်ဘရဏီလင်းကဲ့သို့သော
မိခင်တယောက်ကို ကိုယ့်မိခင်အရင်း တစ်ယောက် မဟုတ်သည့်တိုင် ဒုတိယမေမေဟု
အမည်တပ်ခေါ်ဝေါ်ချင်မိခဲ့သည်။
၂၀၀_
ခုနှစ် ဗိုလ်လောင်းကျောင်းဆင်းပွဲပြီးချိန် တာဝန်ကျရာတပ်အသီးသီးသို့
ပြောင်းရွှေ့သွားခဲ့ချိန်မှ စကာ အဆက်အသွယ် ပြတ်သွားခဲ့သည့် ကျွန်တော်တို့
သူငယ်ချင်းညီအစ်ကို(၂) ယောက်သည် သတင်းစာထဲတွင် လင်းလင်း၏
တိုက်ပွဲကျဆုံးသတင်း ပါလာမှ ပြန်တွေ့ရမည့်အဖြစ်မှာ
အင်မတန်နာကျင်အောင့်သက်စရာ ကောင်းလှသည်။ တိုင်းပြည်အတွက်လည်း အာဇာနည်တယောက်
နစ်နာဆုံးရှုံး ရသကဲ့သို့ ကျွန်တော်တို့သူငယ်ချင်း တွေအတွက်မှာမူ
လက်တဖက်(သို့) အားတခုဖြတ်တောက်ခံလိုက်ရသည်နှင့် ဆင်တူလှပါသည် ။
ဒါဆိုအန်တီ့အတွက်ဆိုလျှင် ရော ။ အန်တီတယောက် ဒီအချိန်ဆိုလျှင်
အားအင်တွေချိနဲ့လို့ ရွှေတောင်ကြီးပြိုလဲသလို ချုန်းချုန်းကျ ငိုကြွေး
ကျဆုံးနေလောက်ပြီ ထင်ပါ၏။ သားတယောက်တည်းနှင့် ဘ၀တခုလုံး ကို အမေတခု သားတခု
ရှင်သန်ခဲ့ရရှာသော ထိုမိခင်သည် အရူးတပိုင်း ဖြစ်အောင်
ပူလောင်နေလောက်တော့မည် ။ တည်ငြိမ်မှုတွေလျော့လို့ အန်တီတယောက်
ခံနိုင်ရည်ရှိပမလားရယ်လို့ တွေးထားသော ကျွန်နော်၏အတွေးများစွာ ကို အန်တီက
တကယ့်ခံယူချက်ကောင်းသော တည်ငြိမ်မှု စစ်စစ်များဖြင့် အနှစ်သာရရှိရှိ
သက်သေပြခဲ့ပါသည် ။ အန်တီ့အိမ်ကိုရောက်သွားသောအခါ အန်တီက ကျွန်တော့်အား
လှိုက်လှဲစွာနှုတ်ဆက်ရင်း၊ ကျွန်တော့်လက်မောင်းကို တင်းတင်း ဆုတ်ကိုင်ထားရင်း
ဧည့်ခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည် ။ ကျွန်တော့်ကို မြင်မြင်ချင်း အန်တီ့
မျက်နှာအမူအရာ အနည်းငယ် မှေးမှိန်ပြောင်းလဲ သွားသည်မှ လွဲလျှင် မျက်ရည်များ
စီးကျလာခြင်းမျိုးနှင့် အားငယ်မှု တစုံတရာဖြစ်ခြင်းမျိုးကို အန်တီမှ
မပြသခဲ့ပါ ။ လင်းလင်း၏ ယူနီဖောင်းအပြည့်ဖြင့် ရိုက်ထားသည့်
ဓါတ်ပုံရှေ့တွင် အမွှေးတိုင်တချို့က နေရာယူထားသည် ။ လင်းလင်းဓါတ်ပုံကို
တချက်လှည့်ကြည့်ရင်း အန်တီမှ ပြုံးလိုက်သေးသည်။ ပြီးမှ သားအမိအရင်းတွေလို
တယောက်လက်တယောက်ကိုင် နွေးထွေးမှု အပြန်အလှန်ပေးကြရင်း နှင့်ပင် ကျွန်တော်က
စကားစလိုက်မိသည်။ "သားခုချိန်မှာ ယူကျုံးမရအဖြစ်ရဆုံးက လင်းလင်းကို
နောက်ဆုံးချိန်လေးတောင် မမြင်လိုက်ရတာပဲ အန်တီရယ်။ သားတို့သူငယ်ချင်းတွေ
သေကွဲကွဲတာတောင် မမြင်လိုက်ရပါလားဗျာ။ ပြီးတော့ တည်ငြိမ်အေးချမ်းနေတဲ့
အန်တီ့ကို သားနားမလည်နိုင်သေးဘူး ." လို့ပြောရင်းစီးကျလာတဲ့ မျက်ရည်တွေကို
အန်တီမှ ပြုံးပြသုတ်ပေးရင်း ပြောပြခဲ့သည့်စကားများသည် ခုချိန်ထိရင်ထဲမှာ
စွဲကျန်နေခဲ့တော့တာဖြစ်သည် ။ "သားရဲ့ ၂၁ နှစ်ဆိုတဲ့ အရွယ်ကာလက လောကကြီးနဲ့
ယှဉ်ရင်ငယ်ပါသေးတယ် အန်တီတို့က ဘ၀အတွေ့အကြုံတွေ များပါပြီ မင်းအစ်ကို
လင်းလင်းကို စစ်တက္ကသိုလ် စတက်ပြီဆိုကတည်းက အန်တီကတိုင်းပြည်ကို
လှူလိုက်တာပါ ကိုယ့်အသွေးအသားဖြစ်တဲ့ သားတယောက်ကို လှူဒါန်းလိုက်ရတာ
သိပ်မြင့်မြတ်တဲ့ မိန်းမတွေကမှ လုပ်နိုင်တယ်လို့ အန်တီကခံယူထားတယ်
သားလေးကလဲ သာမန်လူတွေ မလုပ်နိုင်တဲ့ တိုင်းပြည်ဝန်ထမ်းထဲကမှ စစ်ဗိုလ်ဆိုတဲ့
လမ်းကိုရွေးခဲ့တာမို့ သူ့စိတ်ဓါတ်အတွက်လဲ အန်တီက ကျေနပ်ပါတယ်သားရယ်
ခုချိန်မှာ ယူကျုံးမရကြေကွဲရတာကို အန်တီမငြင်းပေမယ့် ကျေနပ်စွာ
ဝမ်းနည်းပါတယ် သားတယောက်ကို လှူဒါန်းလိုက်တယ်ဆိုတာ ပေးဆပ်လိုက်တာပါ
ပေးဆပ်လိုက်တာက မြင့်မြတ်ခြင်းပါ မြင့်မြတ်ခြင်း အတွက် ကျေနပ်ခြင်းပဲ
ရှိရမယ် ၀မ်းနည်းခြင်း မဖြစ်ရဘူး ဖြစ်စရာလဲ မလိုဘူး သူကလဲအကောင်းဆုံး
လုပ်ခဲ့သလို အန်တီကလဲ အကောင်းဆုံး ပြင်ဆင်နေခဲ့တာပါ သားလင်းလင်းရဲ့
ရုပ်ခန္ဓာကဒီလောကမှာမရှိတော့တာပါ အန်တီ့ရင်ထဲမှာ မရှိတော့တာ မဟုတ်ဘူး
တိုင်းပြည်တပြည်လုံးအတွက် သားလေးက တကယ်အသက်ပေးခဲ့ရှာတာ သားလေးပေးခဲ့တဲ့
အသက်တချောင်းအတွက် အသက်တွေအများကြီး ဆက်လက်ရှင်သန်နေကြတယ်
မြန်မာပြည်မှာရှိတဲ့ ပြည်သူထုကြီး တရပ်လုံးရဲ့ အသက်တွေက အန်တီ့သားလေးရဲ့
အသက်လေးတွေပဲလို့ တွေးရင်း စိတ်အားဖြည့်ရင်း အန်တီကျေနပ်နေတာပါ
အန်တီ့ရဲ့အသွေးအသားဖြစ်တဲ့ သားတစ်ယောက်ရဲ့ အာဇာနည်လုပ်ရပ်အတွက်
အာဇာနည်အမေဖြစ်ရခြင်းအပေါ် အန်တီက သိပ်ကျေနပ်တာပါ သား" လို့ပြောရင်း
တည်ငြိမ်စွာ စီးကျနေသည့် အန်တီ၏ နှလုံးသား မျက်ရည်များအား
ကျွန်တော်သုတ်ပေးရန် ထိုအချိန်တွေက အားမရှိခဲ့ပါ။
အိမ်အပြန်လမ်းတလျှောက်နှင့် ဘ၀လမ်းကြောင်းတလျှောက် အန်တီ၏
ခံယူချက်စကားသံများသည် သူငယ်ချင်းမိတ်ဆွေ တစ်ယောက် ဆုံးရှုံးရမှုအပေါ်
အမြဲအားပေးနေခဲ့သလိုပင် ခံနိုင်ရည်ရှိစေခဲ့ပါတော့သည် ..။
ထိုလွန်ခဲ့သော
၆ နှစ်ခန့်လောက်က အန်တီဒေါ်ဘရဏီလင်း၏ ခံယူချက်စကားလုံးများသည် ယခုချိန်ထိ
ကျွန်တော့်နှလုံးသားထဲ စွဲလို့နေသေးသည် ။ စစ်သက်ကြာလာသည်နှင့်အမျှ
အသက်ပေးကာကွယ်ခဲ့ကြသည့် အာဇာနည်သူငယ်ချင်းတွေလည်း များပြား၍ လာနေခဲ့ကြသည်
..။ အန်တီကဲ့သို့ အာဇာနည်မိခင်များ မြန်မာပြည်တွင် ဘယ်လောက်
များလိုက်ကြမလည်း ကျခဲ့ကြသော မျက်ရည်များ ဘယ်လောက်များလိုက်ကြမလည်း
နှလုံးသားတွေလည်း ဘယ်လောက်များ လိုက်ကြမလည်း ဆိုသည်မှာ ကျွန်တော်တို့
ရေတွက်လို့ပင် ရနိုင်ပါမည်လော။ "မင်းမရှိတော့ပေမယ့် မင်းရဲ့
အာဇာနည်စိတ်ဓါတ်တွေ အာဇာနည်အငွေ့အသက်တွေ ကျန်နေသေးတယ် သူငယ်ချင်း
ပြည်သူထုရဲ့ အသက်တွေက မင်းပေးဆပ်ခြင်းကနေ ရခဲ့တဲ့ ရလဒ်တွေပါ
မင်းရဲ့သေဆုံးခြင်းက ပျောက်ကွယ်သွားခြင်းမဟုတ်ဘူး တည်ရှိနေခြင်းပါ
မြင့်မြတ်ခြင်းပါ မင်းမှာ မင်းအတွက် ဂုဏ်ယူရင်း ဆက်လက်ရှင်သန်နေတဲ့
အာဇာနည်မေမေတယောက်ရှိတယ် အဲဒီအာဇာနည်မေမေမှာလဲ မင်းလိုပေးဆပ်ရဲလွန်းတဲ့
ဝံသာနုသားတယောက်ရှိတယ် မင်းတို့သားအမိနှစ်ယောက်ရဲ့ အာဇာနည်စိတ်ဓါတ်ကို
လေးစားစွာ အလေးပြုလိုက်ပါတယ်" လို့ လင်းလင်းနဲ့ အာဇာနည်မေမေ
အန်တီဒေါ်ဘရဏီလင်း ကို ကျွန်တော် ပြောပြချင်မိသည် ..။ ထိုကဲ့သို့
တိုင်းပြည်အတွက် စတေး သွားသည့် တပ်မတော်သား အားလုံးတို့နှင့် ထိုသူတို့၏
မိခင်များမှ တိုင်းပြည်အပေါ်ပေးဆပ်မှုကို မည်သူကမှ သတိထားမကြည့်လျှင်
သိနိုင်မည်မထင် ။ ဒီမျက်ရည်တွေ မည်သူမှ သုတ်ပေးနိုင်မည် မထင်။ ဒီခံစားချက်
မည်သူမှနားလည်ပေးနိုင်မည် မထင်။ ဒီသားတွေအတွက် ဒီမေမေတို့၏ ရင်တွင်း
နာကျင်မှုများစွာကို နှိမ်သိမ့်ပေးနိုင်မည် မထင်။ မျက်ရည်တွေ နှလုံးသားတွေ
ခံယူချက်စိတ်ဓါတ်တွေ ရင်းနှီးပြီးသော်လည်း ဘယ်အရာတစိုးတစဉ်းသော်မျှ
ပြန်လည်ရယူခြင်း အလျဉ်းမရှိတဲ့ တိုင်းပြည်၏ အာဇာနည်မေမေများစွာအတွက်
"အာဇာနည်မိခင်" ဆိုသည့်ဆုတခုကို ပေးလို့ရမည်ဆိုလျှင် ပေးစေချင်မိကြောင်း
မချင့်မရဲပြောမိရင်း လွန်ခဲ့သော နှစ်အတန်ကြာက မြန်မာ့ တပ်မတော်အရာရှိ
တစ်ဦး၏ အာဇာနည်မိခင်မေမေ တယောက်အကြောင်း တကယ့်ဖြစ်ရပ်မှန်ကို လူအများအား သိစေချင်သော စေတနာ ကို ရှေ့ထား ရေးသား မိရပါတော့သည် ..............။
( ကောင်းကင်)
ဒီဝတ္ထုတိုကို
တိုတိုလေးရေးထားရပေမယ့် တကယ်တမ်းရေးမယ်ဆို အနည်းငယ် ပိုရှည်မှာဖြစ်ပါတယ်
.. ဒီမှာရေးထားတဲ့ စကားလုံး တလုံချင်း စာလုံးတလုံးချင်းဟာ သားကို
ချစ်တဲ့အမေတယောက်ရဲ့ ဘ၀ရပ်တည်မှု ၊ စစ်သားတယောက် ရဲ့ ဘ၀တာတိုတိုမှာ အမေဟာ
ရင်နာကျန်ရစ်ရတဲ့ ခံစားချက်တင်ပြမှု အချို့အပါအ၀င် ကျဆုံးသွားတဲ့
နိုင်ငံ့စစ်သည်တယောက်ကို သားအဖြစ်တော်ထားရတဲ့ ကလကာနောက်ကွယ်က
အမေတယောက်ရဲ့ နှလုံးသားဒဏ်ရာ တွေအတွက်
စိတ်အားဖြည့်ရေးသားထားရခြင်းဖြစ်ပါတယ် .. စစ်သားမေမေများ
စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ ... ။ မိခင်တိုင်းရဲ့ မေတ္တာစိတ်နှင့်
နှလုံးသားနို့ရည် တစက်ကို ဒီစုတ်တံတချက်ဖြင့် ကျေးဇူးဆပ်လိုက်ရပါသည် ..။
From : Facebook(ကောင်းကင်ေ၇းသားထားသောစာစုမှ ကောက်နုတ်တင်ပြပေးထားခြင်းဖြစ်ပါတယ်)
No comments:
Post a Comment