Saturday, May 12, 2012

သစ္စာ(၂)ပါးနှင့် အဘိဓမ္မာတရားတော်............

အဘိဓမ္မာတရားတော်သည် ကျမ်းအရေအတွက်အားဖြင့် -

(က) ဓမ္မသင်္ဂဏီကျမ်း

(ခ) ၀ိဘင်းကျမ်း

(ဂ)ဓာတုကထာကျမ်း

(ဃ) ပုဂ္ဂလပညတ်ကျမ်း

(င) ကထာဝတ္ထုကျမ်း

(စ) ယမိုက်ကျမ်း

(ဆ) ပဋ္ဌာန်းကျမ်း ဟူ၍ (၇)ကျမ်းရှိသည်။

သစ္စာနှစ်ပါးနှင့် အဘိဓမ္မာ(၇)ကျမ်းကို ဝေဖန်ရသော် -

ဓမ္မသင်္ဂကျမ်း၊ ၀ိဘင်းကျမ်း၊ ဓာတုကထာကျမ်းတို့ကို ဟောရာ၌ ပရမတ္ထသစ္စာကို အကျယ်အားဖြင့် ဟောတော်မူသည်။

ပုဂ္ဂလပညတ်ကျမ်းကို ဟောရာ၌ သမ္မုတိသစ္စာကို အကျယ်အားဖြင့် ဟောတော်မူသည်။

ကထာဝတ္ထုကျမ်း၊ ယမိုက်ကျမ်း၊ ပဋ္ဌာန်းကျမ်းတို့ကို ဟောရာ၌ သစ္စာ(၂)ပါးလုံးကို အကျယ်အားဖြင့် ဟောတော်မူသည်။

(က) ဓမ္မသင်္ဂဏီကျမ်းနှင့် ပရမတ္ထသစ္စာ
စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဟူသော ပရမတ္ထတရားတို့ကို နှစ်စု၊ သုံးစု ခွဲခြမ်းပြု၍ နည်းမျိုးစုံဖြင့် ရေတွက်ပြသော ကျမ်းသည် ဓမ္မသင်္ဂဏီကျမ်းမည်၏။ (ဓမ္မ = တရားများကို + သင်္ဂဏီ = ရေတွက်ပြခြင်း)


ဤဓမ္မသင်္ဂဏီကျမ်း၌ ပရမတ္ထတရားများကို ကုသလာ ဓမ္မာ၊ အကုသလာ ဓမ္မာ၊ အဗျာကတာ ဓမ္မာ စသည်ဖြင့် သုံးစုပြု၍ ဟောကြားထားသည်၊ ယင်းသို့ သုံးစုပြု၍ ဟောခြင်းကို ပါဠိလို တိက၊ မြန်မာလို တိက် ဟုခေါ်၏၊ ထိုသို့သော တိက်ပေါင်း ၂၂-တိက်ရှိသည်။ ပရမတ္ထတရားကို ဟေတူ ဓမ္မာ၊ နဟေတူ ဓမ္မာ စသည်ဖြင့် နှစ်စုပြု၍ ဟောခြင်းသည် ပါဠိလို ဒုက၊ မြန်မာလို ဒုက်မည်၏၊ ထိုသို့သော ဒုက်ပေါင်း ၁၀၀- ရှိသည်။


ဓမ္မသင်္ဂဏီကျမ်းကား ယင်းတိက် ၂၂တိက်၊ ဒုက် ၁၀၀ တို့ကို သရုပ်အားဖြင့် ရေတွက်၍ ဟောပြသော ကျမ်းဖြစ်သည်။


ထို့ကြောင့် ဓမ္မသင်္ဂဏီကျမ်းကို ပရမတ္ထသစ္စာဖြင့် ဟော်တော်မူသည့် ကျမ်းဟု ဆိုရပေသည်။


(ခ) ၀ိဘင်းကျမ်းနှင့် ပရမတ္ထသစ္စာ
ဓမ္မသင်္ဂဏီကျမ်း၌ ဟောကြားအပ်ပြီးသော ကုသိုလ်၊ အကုသိုလ်၊ အဗျာကတ တရားများကို ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ ဣနြေ္ဒ၊ ပဋိစ္စသမုပ္ပါဒ် စသော(၁၈)မျိုးသော အခန်းကဏ္ဍတို့ဖြင့် အကျယ်ဝေဖန်ပြသော ကျမ်းသည် ၀ိဘင်းကျမ်းမည်၏။ (၀ိဘင်္ဂ = ဝေဖန်ခြင်း)


ဤ၀ိဘင်ကျမ်းကို အဘိဓမ္မဘာဇနီယ နည်းဖြင့်သာမက သုတ္တန်ဆန်ဆန် ဟောကြားအပ်သော သုတ္တန္တဘာဇနီယနည်း၊ အမေး အဖြေပြုလုပ်၍ ဟောကြားအပ်သော ပဥှာပုစ္ဆကနည်းတို့ဖြင့် အဆင့်ဆင့် ချဲ့ထွင်း၍ တန်ဆာဆင်ထားသည်။


ဤ၀ိဘင်းကျမ်းသည်လည်း ဓမ္မသင်္ဂဏီကျမ်း၌ ဟောခဲ့ပြီးသည့် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဟူသော ပရမတ္တတရားတို့ကိုပင် ချဲ့ထွင်း၍ ဟောပြသော ကျမ်းဖြစ်သည်။


ထို့ကြောင့် ဤ၀ိဘင်းကျမ်းကိုလည်း ပရမတ္ထသစ္စာဖြင့် အကျယ်ဝေဖန်၍ ဟောတော်မူသည့် ကျမ်းဟု ဆိုသင့်ပေသည်။


(ဂ) ဓာတုကထာကျမ်းနှင့် ပရမတ္ထသစ္စာ
ဓမ္မသင်္ဂဏီကျမ်း၊ ၀ိဘင်းကျမ်းတို့၌ ဟောကြားအပ်ပြီးသော ကုသိုလ်၊ အကုသိုလ်၊ အဗျာကတရားများကို ရေတွက်ရသော ခန္ဓာ၊ အာယတန၊ ဓာတ်တရားများ(သင်္ဂဟော)၊ မရေတွက်ရသော ခန္ဓာ၊ အာယတန၊ ဓာတ်တရားများ (အသင်္ဂဟော) စသည်ဖြင့် အခန်းကဏ္ဍ(၁၄)မျိုးတို့ဖြင့် အဆင့်ဆင့် ချဲ့ထွင်းပြဆိုရာဖြစ်သော ကျမ်းသည် ဓာတ်တုကထာကျမ်းမည်၏။ (ဓာတု=ခန္ဓာ)၊ အာယတန၊ ဓာတ်တို့ကို+ကထာ=ပြဆိုခြင်း)


ဤ ဓာတုကထာကျမ်း၌ သင်္ဂဟော၊ အသင်္ဂဟော စသော (၁၄)ပါးသော နည်းတို့ဖြင့် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဟူသော ပရမတ္ထတရားများကိုပင် ဟောပြသည်။


ထို့ကြောင့် ဤဓာတုကထာကျမ်းကိုလည်း ပရမတ္ထသစ္စာဖြင့် အကျယ်ဝေဖန်၍ ဟောတော်မူသည့် ကျမ်းဟုပင် ဆိုသင့်ပေသည်။


(ဃ) ပုဂ္ဂလပညတ်ကျမ်းနှင့် သမ္မုတိသစ္စာ
ပုဂ္ဂလပညတ်စသော ပညတ်အမျိုးမျိုးကို ခွဲခြား သတ်မှတ်ပြသော ကျမ်းသည် ပုဂ္ဂလပညတ်ကျမ်းမည်၏။ (ပုဂ္ဂလ = ပုဂ္ဂိုလ် + ပညတ် = သတ်မှတ်ချက်)


ဤပုဂ္ဂလပညတ်ကျမ်း၌ - ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာစသော ပရမတ္ထတ တရားတို့၏ အမည်တို့သည် ပရမတ္ထအားဖြင့် ထင်ရှားရှိသောကြောင့် ၀ိဇ္ဇမာနပညတ်မည်၏။


လူ၊ နတ်၊ ဗြဟ္မာ၊ ယောက်ျား၊ မိန်းမစသော လူတို့ သုံးစွဲသော အမည်တို့သည် ပရမတ္ထအားဖြင့် ထင်ရှားမရှိသောကြောင့် အ၀ိဇ္ဇမာန ပညတ်မြည်၏။


ဝိဇ္ဇမာန ပညတ်တို့ကို ခန္ဓပညတ်စသည်ဖြင့်သာ ပြ၍ အ၀ိဇ္ဇမာန ပညတ်ကိုမူ ပုဂ္ဂိုလ်တစ်မျိုး နှစ်မျိုးစသည်ဖြင့် ချဲ့ထွင်း၍ ဟောပြထားသည်။


ဓမ္မသင်္ဂဏီ၊ ၀ိဘင်း၊ ဓာတုကထာ၊ အဘိဓမ္မာသုံးကျမ်းကို ဟောပြီးသောအခါ ပရမတ္ထသစ္စာတရားများကိုသာ နာကြားရသည့် နတ်ဗြဟ္မာတို့၏ သန္တာန်၌ သံသယ ၀င်လာနိုင်သည်။ ဤအဘိဓမ္မာသုံးကျမ်းလုံး၌ လူ၊ နတ်၊ ဗြဟ္မာ၊ ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ လူဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံစသော သမ္မုတိသစ္စာ ပညတ်စကားများ လုံးဝမပါဝင်ခဲ့ချေ။ ခန္ဓာ၊ အာယတနစသော ပရမတ္ထသစ္စာ တရားများသား ပါဝင်ခဲ့သည်။


ထို့ကြောင့် ကမ္ဘာလောကကြီး၌ ပရမတ္ထသစ္စာတရားများသာ ရှိသလော၊ သမ္မုတိသစ္စာ ပညတ်တရားဟူသည် မရှိလေသလောဟု သံသယ၀င်လာနိုင်၏။ ပညတ်ဟူသည် မည်သို့မျှ အသုံးမ၀င်ဟု မှတ်ထင်ကာ တစ်ဖက်စွန်းသို့လည်း ရောက်သွားနိုင်ပေသည်။


လောက၌ ပရမတ္ထတရားသက်သက်မျှရှိ၏ဟု ယူဆလိုက်လျှင် တစ်ဖက်စွန်းရောက်နိုင်သကဲ့သို့ သမ္မုတိသစ္စာ ပညတ်သာ အဓိကဖြစ်၏၊ အရေးပါ၏ဟု ယူဆလိုက်လျှင်လည်း တစ်ဖက်စွန်းသို့ ရောက်နိုင်ပြန်သည်။ မြတ်စွာ ဘုရားရှင်၏ တရားတော်မှန်လျှင် လက်ဝဲစွန်း၊ လက်ယာစွန်းဟူသော အစွန်းနှစ်ဖက်မှ လွတ်ကာ မဇ္ဈိမပဋိပဒါ(အလယ်အလတ်ကျင့်စဉ်) လမ်းသာ အမှန်ဖြစ်ရပေသည်။


မြတ်စွာဘုရား၌ ကျင့်စဉ်များတွင် လှူဒါန်းမူ ဒါနပြုလုပ်ရာ၌ အလှူခံပုဂ္ဂိုလ်ပညတ်ကိုပင် လှူဒါန်းကြရသည်။

သီလဆောက်တည် ကျင့်သုံးရာ၌လည်း အခြားသတ္တ၀ါ၏ အသက်ကို မသတ်ရမူ၊ အခြားသတ္တ၀ါ၏ ပစ္စည်းကို မခိုးရမူစသည်ဖြင့် သတ္တ၀ါပညတ်ကို အစွဲပြု၍ သီလတရားဖြစ်ပေါ်ရ၏။


သီလရှိသောပုဂ္ဂိုလ်၊ သီလမရှိသော ပုဂ္ဂိုလ်တို့ကို ခွဲခြားရာ၌လည်း၊ ပုဂ္ဂိုလ်ပညတ်ဖြင့်ပင် ခွဲခြားကြရသည်။

မေတ္တာပွားရာ၌လည်း “ပုဂ္ဂိုလ်၊ သတ္တ၀ါတွေ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ” ဟု ပုဂ္ဂိုလ်၊ သတ္တ၀ါစသော ပညတ်ကိုပင် မေတ္တာပွားရသည်။ ဈာန်အဘိညာဉ်ရရန် သမထတရား အားထုတ်ရာ၌လည်း ကသိုဏ်းပညတ်ကိုပင် အာရုံပြု၍ အားထုတ်ရသည်။


သို့ဖြစ်၍ ပညတ်သည် ဒါန၊ သီလ၊ သမထစသော လောကီနယ်ပယ်၌ မပါလျှင်မပြီး အရေးကြီးသော တရားပင်ဖြစ်၍ ပယ်၍ မဖြစ်နိုင်ပေ။


ထို့ကြောင့် မြတ်စွာဘုရားရှင်သည် အဘိဓမ္မာတရားပွဲကြီး၌ ပုဂ္ဂလ ပညတ်ကျမ်းကို ကျမ်းအမည်နှင့် လျော်ညီစွာ ပုဂ္ဂလပညတ် သမ္မုတိသစ္စာကို ရှေ့တန်း တင်၍ ဟောတော်မူရပေသည်။


(င) ကထာဝတ္ထုကျမ်းနှင့် သစ္စာ(၂)ပါး
ရှေးအဘိဓမ္မာလေးကျမ်းတို့ဖြင့် ဟောခဲ့ပြီးသော ပရမတ္ထသစ္စာ၊ သမ္မုတိသစ္စာနှင့် စပ်သော စကားရပ်တို့ကို ရှင်းပြရာဖြစ်သောကျမ်းသည် ကထာဝတ္ထုကျမ်းမည်၏။ (ကထာ = စကားရပ် + ၀တ္ထု = ရှင်းလင်းပြသရာ)


ဘုရားရှင်သည် ဓမ္မသင်္ဂဏီ၊ ၀ိဘင်း၊ ဓာတုကထာကျမ်းတို့ဖြင့် ပရမတ္ထကထာတို့ကို ရှေ့တန်းတင် မဓာနပြု၍ ဟောပြတော်မူခဲ့ပါသည်။ တဖန် ပုဂ္ဂလပညတ်ကျမ်းဖြင့် ပညတ်အမျိုးမျိုးတို့ကို ခွဲခြမ်းပြပြီး သမ္မုတိသစ္စာ - သမ္မုတိကထာ၊ ပုဂ္ဂလပညတ်ကိုသာ ရှေ့တန်းတင်ပဓာနပြု၍ ဟောပြတော်မူခဲ့ပါသည်။ ယင်းသစ္စာ(၂)မျိုး၊ ကထာ(၂)မျိုးတို့တွင် အဘယ်သစ္စာ၊ အဘယ်ကထာကို မူလဧကန်အမှန်တရားဟု ယူရမည်နည်း စသည်ဖြင့် တရားနာ ပရိသတ်တို့ သန္တာန်၌ သံသယများ ၀င်လာနိုင်၏။ ထို့ကြောင့် ယင်းသံသယများကို ဖြေရှင်းပြရန် ကထာဝတ္ထုကျမ်းဖြင့် ဆက်လက်ရှင်းပြတော်မူခဲ့ပါသည်။


ဥပမာ - “ဘုရားလောင်းသည် သုမေဓာရသေ့ဘ၀ဖြင့် ဒီပင်္ကရာ မြတ်စွာဘုရားထံ နိယတဗျာဒိတ်ပန်း ဆင်မြန်းသည်မှစ၍ ဘုရားဖြစ်သည်အထိ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလကြာအောင် ပါရမီဖြည့်ခဲ့၏”ဟု ဆိုရာ၌ ပရမတ္ထသစ္စာဘက်မှ ကြည့်လျှင် ဤအယူသည် သဿတဒိဋ္ဌိ(မြဲ၏ဟု ယူသော အယူ)ဖြစ်၏ဟု ယူဆဖွယ်ရှိ၏။ ထိုစကားရပ်ကို သမ္မုတိသစ္စာဘက်မှ ကြည့ှ်လျှင်ကား လောကဝေါဟာရ အသုံးအနူန်း စကားရပ်သာဖြစ်၍ သဿတဒိဋ္ဌိ မဖြစ်နိုင်သကဲ့သို့ ဖြစ်ပါသည်။


ဤသို့ အငြင်းပွားဖွယ်စကားရပ်တို့ကို ရှင်းပြသော ဤကထာဝတ္ထုကျမ်း၌ တတိယသင်္ဂါယနာ၏ အဓိပတိဖြစ်တော်မူသော အရှင်မဟာမောဂ္ဂလိပုတ္တတိဿ ရဟန္တာ မထေရ်မြတ်သည် နိကာယ်ငါးရပ်မှ ထုတ်နုတ်၍ သုတ်ပေါင်းတစ်ထောင်ကို ရှင်းပြထားသည်။ ၎င်းတို့ကား - ပရမတ္ထတရားကို ပဓာနာထား၍ ဟောကြားတော်မူခဲ့သည့် သုတ်ပေါင်းငါးရာ၊ သမ္မုတိသစ္စာကို ပဓာနထား၍ ဟောကြားတော်မူခဲ့သည့် သုတ်ပေါင်းငါးရာအားဖြင့် တစ်ထောင်ဖြစ်ပါသည်။


ယင်းတို့ကို ရှင်းပြရာ၌လည်း မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် နည်းအတိုင်းပင် ရှင်းပြထားခြင်း ဖြစ်ပါသည်။


သို့အတွက် ကထာဝတ္ထုကျမ်းကိုလည်း ပရမတ္ထသစ္စာနှင့် သမ္မုတိသစ္စာနှစ်ပါး အယူအဆမလွဲမှားစေရန် ရှင်းပြသော ကျမ်းဖြစ်သောကြောင့် သစ္စာ(၂)ပါးလုံးကို ဟောကြားသည့် ကျမ်းဟုပင် ဆိုသင့်ပါသည်။


(စ) ယမိုက်ကျမ်းနှင့် သစ္စာ(၂)ပါး
ပုစ္ဆာ ၀ိသဇ္ဇနာအစုံ၊ အနုလောမပဋိလောမ အစုံ၊ သန္နိဋ္ဌာန် သံသယအစုံ စသော အစုံ အစုံ ဒေသနာ၏ အစွမ်းဖြင့် ဟောပြရာကျမ်းသည် ယမိုက်ကျမ်းမည်၏။


ဤယမိုက်ကျမ်း၌ အသညသတ်ပုဂ္ဂိုလ်အား ခန္ဓာတစ်ပါးဖြစ်၏ စသည်ဖြင့် ပြဆိုသော ပုဂ္ဂလ၀ါရကိုလည်းကောင်း၊ အသညသတ်ဘုံ၌ ခန္ဓာတစ်ပါး၊ ပဉ္စဝေါကာရ (ခန္ဓာငါးပါးရှိသော) ဘုံ၌ ခန္ဓာငါးပါးဖြစ်၏ စသည်ဖြင့် ပြဆိုသော သြကာသ (ဘုံ) ၀ါရကိုလည်းကောင်း၊ အသညသတ် ပုဂ္ဂိုလ်အား အသညသတ်ဘုံ၌ ခန္ဓာတစ်ပါး ဖြစ်၏ စသည်ဖြင့် ပြဆိုသော ပုဂ္ဂလောကာသ၀ါရ(ပုဂ္ဂိုလ် + ဘုံ)ကို လည်းကောင်း ဟောပြတော်မူသည်။


သို့ဖြစ်၍ ယင်းယမိုက်ကျမ်းသည် သြကာသလောကဟူသော ဘုံ၊ သတ္တ လောကဟူသော ပုဂ္ဂိုလ်နှင့် သင်္ခါရလောကဟူသော ခန္ဓာ၊ အာယတနစသည်ကို ဟောပြသော ကျမ်းဖြစ်သည်။


ထို့ကြောင့် ဤယမိုက်ကျမ်းကိုလည်း သြကာသလောက၊ သတ္တလောက ဟူသော သမ္မုတိသစ္စာနှင့် သင်္ခါရလောကဟူသော ပရမတ္ထသစ္စာနှစ်ပါးလုံးကို ဟောတော်မူသည့် ကျမ်းဟုပင် ဆိုသင့်ပါသည်။


(ဆ) ပဋ္ဌာန်းကျမ်းနှင့် သစ္စာ(၂)ပါး
နာမ်ရုပ်တို့၏ အကြောင်းအမျိုးမျိုး၊ အကျိုးအမျိုးမျိုး၊ ကျေးဇူးပြုပုံ အမျိုးမျိုးတို့ဖြင့် နည်းမျိုးစုံရောပြွမ်၍ ဟောကြားရာကျမ်းသည် ပဋ္ဌာန်းကျမ်းမည်၏။ (ပ = အမျိုးမျိုး + ဌာန = အကြောင်းတရား)


ဤပဋ္ဌာန်းကျမ်းကိုပင် အနန္တနယသမန္တပါသာဒိကကျမ်းဟုလည်း ခေါ်ပြန်သေး၏။ ရေတွက်၍ မဆုံးနိုင်အောင် နည်းပေါင်းစုံသောကြောင့် အနန္တနယဟု ခေါ်သည်။ ပတ်ဝန်းကျင် အလုံးစုံ ပြည့်စုံသောကြောင့် သမန္တဟု ခေါ်သည်။ အစ၊ အလယ်၊ အဆုံး သုံးပါးလုံး ကြည်ညိုဖွယ်ကောင်းသောကြောင့် ပါသာဒိကဟု ခေါ်သည်။ ထို့ကြောင့် ပဋ္ဌာန်းကျမ်းတော်ကြီးသည် နည်းပေါင်းစုံတို့ဖြင့် အလုံးစုံ ပြည့်ဝကာ အစ အလယ် အဆုံး သုံးပါးလုံး ကြည်ညိုဖွယ်ကောင်းသောကြောင့် အနန္တနယသမန္တပါသာဒိက အမည်ရလေသည်။


ဤပဋ္ဌာန်းကျမ်း၌ မြတ်စွာဘုရားသည် ကုသိုလ်၊ အကုသိုလ်၊ အဗျာကတ၊ ပညတ်စသော တရားများက ဆိုင်ရာ ကုသိုလ်၊ အကုသိုလ်၊ အဗျာကတ၊ ပညတ်စသော တရားများအား ဟေတု၊ အာရမ္မဏစသော ပစ္စည်းတို့ဖြင့် ကျေးဇူးပြုပုံကို အကြောင်း၊ အကျိုး ၂၄-မျိုးထိအောင်ဆက်စပ်ခွဲခြမ်းကာ ဟောပြတော်မူပါသည်

သို့ဖြစ်၍ ယင်းပဋ္ဌာန်းကျမ်းသည် စိတ်၊ စေတသိက် စသော ပရမတ္ထသစ္စာတရားများနှင့် ပုဂ္ဂိုလ်၊ ကျောင်း၊ အိပ်ရာ၊ နေရာ၊ ရာသီဥတု၊ စားဖွယ်ဘောဇဉ်စသော သမ္မုတိသစ္စာ ပညတ်တရားများကို ဟောပြသော ကျမ်းပင်ဖြစ်ပါသည်။


ထို့ကြောင့် ဤပဋ္ဌာန်းကျမ်းကိုလည်း သမ္မုတိသစ္စာနှင့် ပရမတ္ထသစ္စာ နှစ်ပါးလုံးကို ဟောတော်မူသည့် ကျမ်းဟုပင် ဆိုနိုင်ပါသည်။


ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment