Tuesday, May 22, 2012

သုရာမေရယ ကံအကြောင်းကိုလေ့လာသုံးသပ်ခြင်း။

သုရမေရယဆိုတာက သောက်သူ၊စားသူ၊ရှူသူတို့ကို မေ့လျော့စေတတ် မူးယစ်စေတတ်သော သောက်စရာ၊စားစရာ၊ရှူစရာဟူသမျှသည် သေရည်သေရက် (သို့မဟုတ်)အရက်သေစာ=သုရာမေမေရယချည်းပင်ဖြစ်ပါတယ်။အပ်ဖြင့် အသားထဲသို့ ထိုးသွင်းရသော ပက်သဒင်း နံပါတ်ဖိုး စတဲ့ မူးယစ်ဆေးရည်လည်း သုရာမေရယထဲမှာ အပါအဝင်ဖြစ်ပါတယ်။ထို့ကြောင့် တောအရက်၊မြို့အရက်၊နိုင်ငံခြားအရက်၊ထန်းရည်၊ဓနိရည်၊ဘိန်းကင်း၊ကစော်၊လှော်စာ၊ဘိန်းဖြူ၊ဆေး ခြောက်၊ကုတ်ကင်း၊မာဖီးယား၊အယ်လ်အက်စ်ဒီ(LSD)၊ဘီယာအမျိုးမျိုးစသော မူးယစ်ဆေးဟူသမျှ အရက်သေစာ=သုရာမေရယလို့ခေါ်ပါတယ်။ ထိုအရက်သေစာ စသော မူးယစ်ဆေးသောက်သုံးမှီဝဲခြင်းသည် သောက်သုံးသူကိုဖြစ်စေ၊သောက်သုံးသူနှင့်ဆက်စပ်နေသူကိုဖြစ်စေ နှစ်ဦးစလုံးကိုဖြစ်စေ အကျိုးပျက်ပြားစေသော ကြောင့် အပြစ်ရှိသော အမှုဖြစ်၍ မကောင်းမှုအကုသိုလ်ဖြစ်ပါတယ်။အရက်သေစာ သောက်သုံးသူသည် အကောင်းအဆိုး အမှားအမှန် ကို ဝေဖန်ခွဲခြားတတ်သော အသိဥာဏ် ကင်းနေသဖြင့် အဆိုးအရွားဆုံးဖြစ်သော မကောင်းမှုကိုပင်ကျူးလွန်းမိတတ်ပါတယ်။
ဆိုလိုတာက အရက်သေစာ သောက်စားမူးရစ်နေသူက ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာဆိုတဲ့ အနန္တောအနန္တငါးပါးဆိုတာကိုလည်းမသိပါ။အစ်ကို၊ညီ၊အစ်မ၊ညီမဆိုတာကိုလည်းမသိ၊ကုသိုလ်ဆိုတာလည်းမသိ၊အကုသိုလ်ဆိုတာကိုလည်းမသိခြင်းကြောင့် မဖြစ်သင့်၊မဖြစ်ထိုက်၊နားနှင့်ပင်မကြားရက်သော မကောင်းမှုတွေ၊လူရှေ့ သူရှေ့ကိုချပြလို့ပင်မဝံ့ရဲလောက်တဲ့ အကုသိုလ်မကောင်းမှုများကိုလုပ်တတ်ကြပါတယ်။အသိဥာဏ်ကင်းမဲ့ပြီး မူးယစ်ထုံမှိုင်းနေခြင်းကြောင့် မလုပ်ဝံ့သော အကုသိုလ်၊မလုပ်သင့်သော အကုသိုလ်ဆိုတာကိုလည်းမသိပါ။ထိုသူရဲ့အသိဥာဏ်ဆိုတာအပ်ဖျားလောက်မှပင်
ထိုခဏမှာ မရှိဘူးလို့ဆိုရမှာပါ။ ”အရက်သမား အမှားတစ်ရာ”ဆိုသကဲ့သို့ အရက်မူးနေသူဟာ ပြဿာမျိုးစုံ၊အမှားမျိုးစုံ၊ရာဇဝတ်မှုအပါအဝင်မကောင်းမှုဒုစရိုက်များကိုမှားတတ်ပါတယ်။
သုရာမေရယသိက္ခာပုဒ် မလုံခြုံတဲ့သူ ၊သေရည်သေရက် သောက်စားတဲ့သူဟာ ဖြစ်လေရာဘ၀တိုင်း အရေးအခွင့် သင့်မသင့်ကို နားမလည်တတ် ၊မသိတတ်ပါဘူး။ပျင်းရိတတ်ပါတယ်။ အရူးအနှမ်းဖြစ်တတ်ပါတယ်။
သူတစ်ပါးပြုဖူးတဲ့ ကျေးဇူးတွေကို မသိတတ်၊ မဆပ်တတ်တော့ပါဘူး။ဟိရိသြတ္တပ္ပ လို့ခေါ်တဲ့ အရှက် အကြောက်ကင်းတတ်ပါတယ်။ ဘယ်အကုသိုလ်ကိုမှ မရှောင်ပဲ မကောင်းမှု အကုသိုလ်တွေအားလုံးကို အလွယ်တကူပြုမိတတ်ပါတယ်။သုရာမေရယကံကိုလွန်းကျူးသူရဲ့ဆိုးကျိုးတွေက တော့
(၁)။သတိကင်းလွတ်ခြင်း။
(၂)။အရှက်မရှိခြင်း၊
(၃)။အကောင်းအဆိုး၊အမှားအမှန် မခွဲခြားတတ်ခြင်း။
(၄)။ခိုက်ရန်ဒေါသ ဖြစ်ပွားခြင်း။
(၅)။မကောင်းသတင်းပျံ့နှံ့ခြင်း၊ကျက်သရေမရှိခြင်း။
(၆)။ရောဂါများခြင်း။
(၇)။ကိုယ်လက်အင်္ဂါတုန်ခြင်း။
(၈)။မိမိမွေးဖွားလာသော သားသမီးများ စိတ်ဓာတ်ကျပ်မပြည့်ခြင်း။
(၉)။လုပ်ဆောင်စရာ လုပ်ငန်းကိစ္စတို့ကို မေ့လျော့ခြင်း။
(၁၀)။စီးပွားပျက်ခြင်းမှစ၍ သေလွန်သည့်အခါ အပါယ်ဒုဂ္ဂတိဘဝ လားရောက်ရသည်အထိ ဆိုးကျိုးများကိုဖြစ်ပေါ်စေတတ်ပါတယ်။
ထိုဆိုးကျိုးတွေထဲကမှ အရက်သေစာ မူးယစ်ခြင်းကြောင့် သတိတရားတွေကင်းလွတ်ပြီး မိမိရဲ့ သားကိုပင် ပြန်ပြီးသတ်စားတဲ့ဘုရင်ကြီး တစ်ပါးအကြောင်းကို ဥပမာပေးပြီး ဖော်ပြချင်ပါတယ်။
ဗာရာဏသီပြည်မှာ ဘုရင်ကြီးတစ်ပါး အရက်နဲ့အသားကို အလွန်ကြိုက်ပါတယ်။အရက်မသောက်ရရင်မနေနိုင်သကဲ့သို့ အသားမစားရရင်လည်း မနေနိုင်အောင်ဖြစ်ပါတယ်။အောက်ထစ်ဆုံး အသားမပါရင်တောင်ပွဲတော်တည်လေ့မရှိသည်ထိ အသားကိုအင်မတန်ကြိုက်တာပါ။အဲဒီတိုင်းပြည်မှာလည်း ဥပုသ်နေ့အသားမသတ်ရခြင်းဆိုတဲ့ ဥပဒေတစ်ရပ်ကိုလည်းထုတ်ပြန်ထားပါတယ်။ဒါကြောင့်ဥပုသ်နေ့မတိုင်မီ အသားကိုကြိုတင်ဝယ်ထားရပါတယ်။တစ်နေ့တော့ အဲလိုကြိုတင်ဝယ်ထားတဲ့အသားကို ခွေးကစားသွားတော့ ပွဲအုပ်တည်ဖို့ အသားပဲဖြစ်နေပါတယ်။အသားဟင်းမပါပဲ ပွဲတော်ဆက်သရမှာကိုကြောက်တဲ့ စားတော်ကဲကလည်း မိဖုရားကြီးထံအကြံဥာဏ်တောင်းပါတယ်။
မိဖုရားကြီးကလည်း မင်းကြီးက သားတော်လေးကိုအင်မတန်မှချစ်တဲ့အတွက် ပွဲတော်တည်နေခိုက် အသားမပါသည်ကိုသတိပြုမိမည်မဟုတ်ဟု အထင်ဖြင့် သားတော်လေးကိုဘုရင်ကြီးရင်ခွင်ထဲကိုထည့်ပေးလိုက်ပါတယ်။မင်းကြီးလည်း သားတော်လေးကိုကြည့်ပြီး ပီတိဖြစ်ပါတယ်။အဲဒီအခါကျမှာ စားတော်ကဲက ပွဲတော်ကိုဆက်သလိုက်ပါတယ်။မင်းကြီးလည်းအရက်အလွန်းမူးနေသော်လည်း အသားမပါသည်ကိုချက်ချင်းသိလိုက်ပါတယ်။အသားဟင်းဘယ်မလဲဟုဆိုကာ
ဒေါသအမျက်ခြောင်းခြောင်းထွက်တာကြောင့် အသားဟင်းဒီလောက်ရှားလိုက်ကွာဟုဆိုတာကာရင်ခွင်ထဲမှသားတော်လေးကိုလည်ပင်းလိမ်ချိုးပြီး
ဒါကိုချက်ခဲ့ဟုဆိုတာ ၊ဘုရင်ကြီးသည် တစ်နေ့လုံး အရက်သောက်လိုက်၊သားတော်လေးရဲ့အသားကိုမြည်းလိုက်နဲ့စည်းစိမ်ယစ်ပြီးအိပ်ပျော်သွားပါတယ်။မနက်မိုး
လင်းတော့ အမူပြေသဖြင့် ငါသားတော်လေးကိုခေါ်ခဲ့ဟုတောင်းခံပါတယ်။ဒီအခါမှ မိဖုရားကြီးက ရှိုက်ကြီးတငင်ငိုကြွေးပြီး အဖြစ်ပျက်အားလုံးကိုလျှောက်တင်လိုက်ပါတယ်။ဘုရင်ကြီးလည်း အင်မတန်ထိတ်လန့်ပြီး ပြင်းထန်ကြီးမားသော ဆင်းရဲကို ခံရပါတော့တယ်။အဲဒီအခါကျမှ သားကိုသားမှန်းမသိအောင် အသိဥာဏ်ကင်းစေတဲ့ အရက်ကို နောက်နောင်မသောက်တော့ဟု အဓိဋ္ဌာန်ပြုလိုက်ပါတယ်။အဲဒီအခါကျမှ ဘုရင်ကြီးအရက်ပြတ်သွားပါတယ်။ဒါက အရက်သမားတစ်ယောက်ရဲ့ အရက်မူးခြင်းကြောင့် မိမိရဲ့သားကိုပင် သားဟုမမြင်ပဲ အင်မတန်ထိတ်လန့်စရာ ကောင်းတဲ့ အမှားတစ်ခုဖြစ်ပါတယ်။
ယခုခေတ်အခါမှာလည်း အားလုံးကိုတော့ မရည်ရွယ်ပါဘူး။မိဝေးဖဝေး ရောက်နေတဲ့ ဒကာလေးတွေ ဒကာမလေးတွေ ထိုထိုအရက်သေစာများကို သောက်စားမူးယစ်ပြီး မမှားသင့်သည့်အရာများစွာကိုမှားနေကြပါတယ်။မိဘအုပ်ထိန်းသူတို့ရဲ့ အောက်ကနေလွတ်နေခြင်းကြောင့် အပျော်ဖက်ပြီး သောက်စားနေကြပါတယ်။အဲလိုသောက်စားနေခြင်းကြောင့်လည်း သတိတရားတွေကင်းမဲ့ခြင်းကြောင့် ဘဝပျက်ပြီး ပျက်စီးနေကြတဲ့သူများရှိနေကြပါတယ်။ပျော်လို့ပဲသောက်သောက် စိတ်ညစ်လို့ပဲသောက်သောက် ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိအောင်ပဲသောက်သောက် အရက်ဆိုတာမျိုးက ကောင်းကျိုးဆိုတာအပ်ဖျားလောက်မှပင် မပေးတတ်ပါ။ဆိုးကျိုးများစွာကိုပဲဖြစ်စေတာပါ။ကိုယ်ကမသောက်လည်း သူများသောက်ဖို့တိုက်တယ်ဆိုရင်လည်း အပါယ်လေးပါးရောက်စေတတ်တဲ့ အလှူဒါမှာ အရက်သေစာလှူဒါန်းခြင်းလည်းပါပါတယ်။ထိုထိုသော အပျက်များစွာ အမှားများစွာကိုဖြစ်စေတတ်တဲ့ အရက်စတဲ့ မူးယစ်ဆေးဝါးများကို မသုံးစွဲကြပါနဲ့လို့ အနူးအညွတ် မေတ္တာရပ်ခံချင်တာပါ။အရက်သေစာကိုရှောင်ကြဉ်လိုက်မယ်ဆိုရင် သုရာမေရယကံကို ထိန်းရာရောက်သဖြင့် ဖော်ပြခဲ့ဆိုးကျိုးတွေရဲ့ပြောင်းပြန်ကောင်းကျိုးတွေကို ရရှိစေမှာပါဖြစ်ပါတယ်။ဒီပိုစ့်လေးကို ဖတ်ပြီး အရက်သေစာသောက်စားမှုကို ထိန်းသိမ်းစောင့်ရှောက်နိုင်ပါစေ။
အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာ တက္ကသိုလ် ၊အိန္ဒိယနိုင်ငံ)

No comments:

Post a Comment